တရုတ်နိုင်ငံ၏ ချီးရှီးခေါ် ချစ်သူများနေ့သည် တရုတ်နိုင်ငံ၏ "ကျိုး" မင်းဆက်ခေတ်တွင် စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံနှင့်အရှေ့အာရှနိုင်ငံဒေသများတွင် ကျင်းပလေ့ရှိသော ရိုးရာပွဲတော်တစ်ခုဖြစ်သည်။ နှစ်စဉ် တရုတ်သက္ကရာဇ်(၇)လ၊ (၇)ရက်မှာ တရုတ်လူမျိုးများအတွက် ချီးရှီး ခေါ် ချစ်သူများနေ့ဖြစ်ပါသည်။ ထိုနေ့တွင် အဓိကပါဝင်ဆင်နွဲသူများမှာ အမျိုးသမီးများ ဖြစ် ကြပြီး ပွဲတော်၏အဓိကရည်ရွယ်ချက်မှာလည်း ပန်းထိုး အပ်ချုပ်လက်မှုအတတ်ပညာ တိုးတက် နိုင်ရန် ရက်ကန်းမယ်နက္ခတ်အား သစ်သီးများဖြင့် ပူဇော်ကြခြင်းဖြစ်သည်။ ထိုသို့ပူဇော်ခြင်းဖြင့် လက်မှုအတတ်ပညာ ကျွမ်းကျင်ကာ ဖူးစာကောင်းကောင်းနှင့် ဆုံတွေ့နိုင်ရန်ဖြစ်သည်။ ထိုနေ့ကို "ပန်းထိုးအပ်ချုပ် အတတ်ပညာ တိုးတက်ရန်ပူဇော်ပွဲ"၊ သို့မဟုတ် "အမျိုးသမီးများနေ့" ဟုလည်း သတ်မှတ်ခေါ်ဆိုခဲ့ကြပါသည်။ တရုတ်သက္ကရာဇ်(၇)လ၊ (၇)ရက်မှာ များပြားလှသော တရုတ် ရိုးရာပွဲတော်များအနက် စိတ်ကူးယဉ်အဆန်ဆုံးဖြစ်ပြီး ရှေးခေတ်အမျိုးသမီးများအတွက် အရေးပါ သော နေ့ထူးနေ့မြတ်လည်းဖြစ်ပါသည်။ ထိုနေ့ညတွင် အမျိုးသမီးများမှ ရောင်စုံချည်မျှင်များဖြင့် ပန်းထိုး အပ်ချုပ်ပြီး ဆုတောင်းကန်တော့ကြကာ ရက်ကန်းလုံမလေး(နတ်သမီး ၇ ပါးထဲမှ နံပါတ်၇၊ အငယ်ဆုံးနတ်သမီး)ကို ပူဇော်ကြပါသည်။ ရှေးခေတ်က ချီရှီးပွဲတော်မှာ ခမ်းနားကြီးကျယ်လှပြီး နှစ်သက်ဖွယ်ရာ ပန်းမံ၊ သစ်သီး၊ ရက်ကန်းထည်၊ ပရိဘောဂအမျိုးမျိုးနှင့် အခြားအသုံးအဆောင် ပစ္စည်းများကို ပွဲလမ်းသဘင်တွင် ခင်းကျင်းပြသခဲ့ကြကြောင်း သိရပါသည်။
တရုတ်သက္ကရာဇ် (၇)လ၊ (၇)ရက်တွင် ကျင်းပပြုလုပ်သည့် တရုတ်ချစ်သူများနေ့သည် နွား ကျောင်းသားလုလင်လေးနှင့် ရက်ကန်းလုံမပျိုလေးတို့၏ အချစ်ဒဏ္ဍာရီမှ ပေါက်ဖွားလာခြင်းဖြစ် သည်။ "နွားကျောင်းသားလုလင်နှင့်ရက်ကန်းလုံမပျိုလေး"တို့၏အချစ်ဒဏ္ဍာရီဇာတ်လမ်းမှာ သာမန် လူသားဖြစ်သော နွားကျောင်းသားလုလင်နှင့် နတ်သမီး(၇)ပါးမှ အငယ်ဆုံးနတ်သမီးလေးတို့မှာ မြင်မြင်ချင်း ကြိုက်နှစ်သက်ခဲ့ကြသော်လည်း လူသားနှင့်နတ်အဆင့် ကွာခြားမှုရှိသဖြင့် နတ်တို့၏ စည်းမျဉ်းများဖြင့် တားဆီးခြင်းခံရပြီး နှစ်စဉ်နှစ်တိုင်း တရုတ်သက္ကရာဇ် (၇)လ၊ (၇)ရက်နေ့မှသာ လျှင် နွားကျောင်းသားလုလင်မှာ သပိတ်လွယ်ငှက်များမှ ပေါင်းစည်းဆောက် လုပ်ပေးသော တံတားမှတစ်ဆင့် ရက်ကန်း လုံမပျိုလေးနှင့်တွေ့ဆုံခွင့်ရခဲ့ကြပါသည်။ ထို့ပြင် ရက်ကန်း လုံမပျို လေးမှာ ရောင်စုံတိမ်လွှာများကိုပန်းထိုးအပ်ချုပ်နိုင်သည့်လက်တစ်စုံ ပိုင်ဆိုင်ထားသော ကြောင့် ရှေးခေတ်အမျိုးသမီးများသည် ရက်ကန်းမယ်ကဲ့သို့ ပန်းထိုးအပ်ချုပ်အတတ်ပညာကျွမ်းကျင်ရန် အတွက် ပူဇော်ဆုတောင်းကြခြင်းဖြစ်ပြီး ယနေ့ထိတိုင် တရုတ်သက္ကရာဇ် (၇)လ၊ (၇)ရက်နေ့မှာ စိတ်ကူးယဉ်ဆန်သော ရိုးရာပွဲတော်အဖြစ် ကျင်းပလျက်ရှိနေပါသည်။ သို့သော် ယခုအခါတွင် ရိုးရာဓလေ့ပွဲများ ပြုလုပ်ကျင်းပမှုမှာ တဖြည်းဖြည်းကွယ်ပျောက်သွားကာ သစ္စာ တည်မြဲသော နွားကျောင်းသားလုလင်နှင့် ရက်ကန်းလုံမပျိုလေးတို့၏ အချစ်ဇာတ်လမ်းသာလျှင် ယနေ့ထိ တိုင် ပြန့်ပွားလျက် ရှိပါသည်။
လူအများစုမှာ တရုတ်သက္ကရာဇ် (၇)လ၊ (၇)ရက်နေ့ကို တရုတ်ချီးရှီး ချစ်သူများနေ့ဟု ခေါ်ဆို လေ့ ရှိကြပြီး ရှေးရိုးပုံပြင်ဆိုင်ရာကျွမ်းကျင်သူများက ၄င်းနေ့သည် တရုတ်ချီးရှီးခေါ် ချစ်သူများ နေ့ မဟုတ်ဘဲ တရုတ်ချစ်ခြင်းမေတ္တာများနေ့ ဟု ပြောဆိုသမုတ်ခဲ့ကြပါသည်။