Myanmar မှာ ဝက်ဆိုက်
နိုင်ငံတကာ ခရီးသွားလာရေးတွင် နွေဦးမြို့တော် ကူမင်းမြို့ လူသိများ ကျော်ကြားလာ

  ၂၀၁၆ခုနှစ် တရုတ်ပြည်တွင်းနှင့် နိုင်ငံတကာ နွေရာသီခရီးသွားလာရေးအကောင်းဆုံးစာရင်း ထုတ်ပြန်မှု အစီရင်ခံစာတွင် ကူမင်းမြို့သည် ကမ္ဘာ့လုံးဆိုင်ရာ နွေရာသီအပန်းဖြေမြို့များစာရင်းတွင် နံပါတ်(၃)အဆင့် ထပ်မံရရှိခဲ့ကြောင်း သိရပါသည်။ ဇွန်လလယ်ပိုင်းတွင် တရုတ်သိပ္ပံပညာ ကောလိပ်မှ ထုတ်ပြန်သော တရုတ်နိုင်ငံတွင် နေထိုင်ရန်ကောင်းမွန်သင့်တော်သောမြို့များ စာတမ်း အစီရင်ခံစာတွင် ကူမင်းမြို့သည် တရုတ်နိုင်ငံတစ်ဝှမ်းလုံးရှိ နေထိုင်ရန် ကောင်းမွန်သင့်တော်သော မြို့များ စာရင်းတွင် အဆင့်(၂)နေရာ၌ တည်ရှိကြောင်း သိရပါသည်။ ဇွန်လ ၂၄ရက်က ၂၀၁၆ခုနှစ် တရုတ်နိုင်ငံ နွေရာသီအပန်းဖြေခရီးသွားလုပ်ငန်း ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ ချန်ချွင်း(Chang Chun)မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးတွင် ကူမင်းမြို့သည် အကောင်းမွန်ဆုံးသော နွေရာသီ အပန်းဖြေ မြို့အဖြစ် ရွေးချယ်ခြင်းခံခဲ့ရကြောင်း သိရသည်။ နှစ်လတာအတွင်း ကူမင်းမြို့သည် နွေရာသီအပူရှောင် အပန်းဖြေရာနှင့် ကောင်းမွန်သင့်တော်သော နေထိုင်ရာအရပ်အဖြစ် တစ်ကမ္ဘာလုံး၏ ချီးကျူးမြှောက်စားခြင်းဖြင့် ကျော်ကြားခဲ့ကြောင်း သိရပါ သည်။

  ကူမင်းမြို့သည် လတ္တီတွဒ် အနိမ့်ပိုင်း ကုန်းပြင်မြင့်တွင်ရှိပြီး အပူသမပိုင်းစိုစွတ်သော ရာသီဥတု ရှိကာ မြို့တွင်းနေရာအတော်များများတွင် နွေရာသီ၌ ပူပြင်းခြောက်သွေ့ခြင်း၊ ဆောင်းရာသီ၌ ခိုက်ခိုက်တုန်အောင် ချမ်းစိမ့်ခြင်းတို့ မရှိဘဲ တစ်နှစ်ပတ်လုံး နွေဦးရာသီ သကဲ့သို့ သာယာလှပပြီး နေချင်စဖွယ် ဖြစ်သည်။ ထို့ကြောင့် နွေဦးမြို့တော် ဟူ၍ပင် တရုတ်နိုင်ငံနှင့် နိုင်ငံရပ်ခြားတွင် ကျော်ကြားခဲ့ကြောင်း သိရပါသည်။

  နှစ်စဉ် နွေရာသီသည် ကူမင်းမြို့၏ ခရီးသွားရာသီဖြစ်သည်။ ကူမင်းမြို့၏ အေးမြသော ရာသီ ဥတု၊ နေထိုင်ရန်သင့်တော်မှု၊ နွေရာသီအပူရှောင်နိုင်သော အချက်များက ခရီးသွားများကို စွဲဆောင် ထားလေသည်။ ရာသီဥတု ကောင်းမွန်ရုံသာမက ယူနန်ပြည်နယ်၏ သဘာဝအလှအပ ရှုခင်းများ နှင့်ယဉ်ကျေးမှုအမွေအနှစ်များကိုပါ ပေါင်းစပ်လိုက်မည်ဆိုလျှင် အထူးပြောစရာပင် မရှိတော့သည့် ခရီးသွားလာရေး နေရာကောင်းတစ်ခုပင်ဖြစ်ပေသည်။ ယူနန်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးစုများ သည် ကူမင်းမြို့တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြပါသည်။ ထို့အပြင် တရုတ်ယဉ်ကျေးမှု၊ တိုင်းရင်းသားလူမျိုးစုများယဉ်ကျေးမှုနှင့်အရှေ့တောင်အာရှယဉ်ကျေးမှုများဤနေရာတွင် တပေါင်း တစည်းတည်းဖြစ်တည်နေခြင်းသည် ကူမင်းမြို့၏ သူမတူသော လှပမှုတစ်ရပ်ကို ဖော်ကျူးနေခြင်း ပင်ဖြစ်ပါသည်။

  (ကူမင်းနေ့စဉ်သတင်းစာမှ ကောက်နုတ်ဖော်ပြသည်။)

新闻推荐